Tuesday, June 28, 2016

နေပြည်တော်ရှိ သူခိုးကြီးများ အကြောင်း အပိုင်း ( ၄ ) ...........


သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)  ( General )  Prime Minister

ဝန်ကြီးချုပ် တဖြစ်လဲ သမ္မတဖြစ်လာမယ့် ဧရာဝတီတိုင်း ကျောင်းကုန်းသား ဦးသိန်းစိန်ဟာ
၁၉၆၈ ခုနှစ် DSA အပတ်စဉ် ၉ ကျောင်း ဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်ကာလက တပ်မ ၅၅ မှာ
ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီနောက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉ မှာ
တပ်ရင်းမှူးရာထူးနဲ့ တပ်ရင်းမှူးတိုင်း တက်ရတဲ့ နာမည်ကြီး ကလော စစ်ဦးစီးတက္ကသိုလ်
ဆင်းပြီးတဲ့ အခါမှာတော့ အထက်ကို တက်လှမ်းဖို့ လမ်းပွင့်သွားခဲ့တယ်လို့ ပြောရမှာပေါ့။
၁၉၈၈ ခုနှစ်နောက်ပိုင်း အရှေ့မြောက်ဒေသ တိုက်ပွဲများ ကျဲပါးသွားတဲ့နောက်
မြန်မာ့တပ်မတော်ဟာ အရှေ့တောင်ဘက် ဒေသမှာရှိတဲ့ ကရင်သူပုန်နဲ့
ကျောင်းသားတပ်တွေကို ပိုမိုအာရုံစိုက် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့
ဒီတိုက်ပွဲတွေကို ဖော်ဆောင် ရာမှာ ရန်သူနဲ့ သူတင်ကိုယ်တင် အသေအကြေ
တိုက်ခဲ့ရသလို စစ်အရာရှိကြီး အတော်များများ ကျဆုံးသူကျဆုံး၊ အမိန့်မနာခံလို့
ဆိုတဲ့ ပြစ်ချက်တွေနဲ့ ရုံးတင်အပြစ်ပေး အရေးယူခံရသူခံရ ဖြစ်နေချိန်မှာ
ဦးသိန်းစိန်ကတော့ စစ်ရုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်မှူးကြီးဘ၀နဲ့
ရုံးလုပ်ငန်းတွေအပြင် ဗိုလ်ချုပ်မှူးကြီးရဲ့ အပါးတော်မြဲ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်နေရတဲ့ စစ်ရုံးက စစ်ဦးစီး ပထမတန်း (Col. GS) ဘ၀မှာတင်
ရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
မျက်စိကျခြင်း ခံရပြီး ဗိုလ်မှူးချုပ်ရာထူးကို စောစောစီးစီး တိုးမြှင့်ပေးခြင်းခံခဲ့ရ တယ်။
တပ်မတော်အစဉ်အလာကို ချိုးဖောက်ပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်နဲ့ စစ်ဦးစီး
ပထမတန်းနေရာမှာပဲ ဆက်ထားပါတယ်။ တကယ်က စစ်ဦးစီး ပထမတန်းဆိုတာ
ဗိုလ်မှူးကြီးတွေကိုပဲ ထားတာပါ။

ရုံးတာဝန်၊ လုပ်ငန်းတွေကို စာရင်းဇယား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့တဲ့အတွက်
တပ်ထဲနဲ့ အစိုးရအဖွဲ့ထဲမှာ “စာရေးကြီး … စာရေးကြီး” နဲ့ နာမည်ကြီးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့မြှောက်စားခြင်းခံရတာဟာ ဦးသိန်းစိန်အတွက် နောင်
သမ္မတဖြစ်လာဖို့ အကြောင်း အချက်တချက်ဖြစ်ပါတယ်။ နီး စပ်သူတွေကတော့
ဒီလို စစ်ရုံးကို ရောက်ခဲ့တာဟာ အရင် ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး) လုပ်ခဲ့တဲ့
ဒု ဗိုလ်ချုပ်ကြီး ဟောင်း ခင်မောင်သန်းရဲ့ ကျေးဇူး မကင်းဘူးလို့ ဆိုကြတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ခေါင်းဆောင်တစုက စစ်တပ်အတွင်း များပြားလာတဲ့ စစ်အရာရှိ
ဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာဝင်ငွေ၊ လူဦးရေနဲ့
အချိုးအစားကို မကြည့်ဘဲ တပ်မတွေ တိုးချဲ့ချိန်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်
ဖူးကြီး အခြေစိုက် စကခ ၄ (အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်)ကို
အသစ်တည်ဆောက်ဖို့  ဦးသိန်းစိန် တာဝန်ယူခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ရှမ်းပြည်အရှေ့ပိုင်းက တြိဂံတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပြီး
တိုင်းမှူးဘ၀မှာ အထက်ကပေးတဲ့ ခေါင်းစား စရာ အမိန့်တွေ့ကြောင့် ခေါင်းပူတာကို
ဖြေဖျောက်ဖို့အတွက် ဆံပင်ညှပ်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်၊ ခေါင်းရှင်းတယ်လို့
သိရ တယ်၊ ဘယ်လောက်အထိ ခေါင်းလျှော်တာကို စွဲသွားသလဲ ဆိုတော့
ဆိုင်ရှင်အမျိုးသမီးနဲ့တောင် မရှင်း မရှင်းဖြစ်တယ်ဆိုပြီး ပတ် ၀န်းကျင်က
သမုတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ တာချီလိတ် နယ်ခံတွေက ပြောပါတယ်။
အခု သမ္မတ တာဝန်ယူပြီ ဆိုရင်တော့ ရှေ့ကိုဆက်ပြီး ခေါင်းစားစရာတွေကို ပို
ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ဦးသိန်းစိန် တိုင်းမှူးအဖြစ် တာဝန်ယူနေစဉ်အတွင်း တာချီလိတ်မြို့အနီးမှာ
ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တခြား ဗိုလ်ချုပ်တွေလိုပဲ
ထိုင်းမုန်းတီးရေး သမားတဦးအဖြစ်နဲ့ လူသိပိုများလာတယ်။ ၂၀၀၁ ခုနှစ် စစ်ရေးချုပ်
ဒု ဗိုလ်ချုပ်ကြီး တင်ဦး ကရင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျသေဆုံးအပြီးမှာ
ဦးသိန်းစိန် စစ်ရေးချုပ်ဖြစ်လာတယ်။ နောင် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ
စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့တယ်။

လမ်းပြမြေပုံ ၇ ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်မှာတော့
ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပြန်တယ်။

နဖူးရေ ဒူးရေ ကြည့်ပြီး တခြား စစ်ဗိုလ်ချုပ်တွေထက် စာရင် သဘောကောင်းတယ်၊
မောက်မာမှု မရှိလောက်ဘူးလို့ ထင်ရပေမယ့် စစ်အရာရှိ အများစုမှာရှိတဲ့ စရိုက်ဆိုးအတိုင်း
မန္တလေးဘူတာကြီးမှာ ရုံပိုင်ကို တပ်ရင်းမှူးဘ၀က လက်သီးစွမ်းပြခဲ့ဖူးတယ်လို့
အတွင်းသိတွေက ဆိုတယ်။

သဘောထားတင်းမာပြီး မောက်မာလှတဲ့ လက်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်တွေ
အကြားမှာတော့ သဘောထား ပျော့လွန်းသူ၊ ဆန့်ကျင်ဘက် အသွင်ဆောင်သူလို့
မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အတွက်တော့
ရုပ်ပြကောင်းပြီး ဗန်းဖုံး လှတာကြောင့် ဒီပဲယင်းလူသတ်သမား ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း
သေဆုံးသွားတဲ့အခါ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့ သူပြောသမျှကို မှန်မှန်မှားမှား
နားထောင်လေ့ရှိတဲ့  ဦးသိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ် မြှောက်စားခဲ့ပြီး နိုင်ငံတကာ
ဇာတ်ခုံကို စေလွှတ်ခဲ့ တယ်။

ဗိုလ်ချုပ်မှူးကြီးစကား ဘယ်လောက် နားထောင်လဲဆိုတော့ မကြာသေးမီက
ထွက်ပေါ်ခဲ့တဲ့ ၀ီကီလိခ်စ် သံတမန် ပေါက်ကြားစာ တွေ အရ  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး
အပြီး အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် 
မစ္စတာ ဂန်ဘာရီ မြန်မာ့အရေးနဲ့ ပတ်သက်လို့  စကားပြောဖို့  အာဆီယံ ခေါင်းဆောင်တွေက
ခွင့်ပေးခဲ့ရင် အစည်းအဝေးခန်းကို သပိတ်မှောက်ပြီး ထွက်ခဲ့ဖို့နဲ့ အမေရိကန်က ပြုလုပ်နေတဲ့
ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို လျော့ပါးအောင် လှည့်ဖျားဖို့ကို ဗိုလ်ချုပ် မှူးကြီးက
ဝန်ကြီးချုပ်အသစ် ဦးသိန်းစိန်ကို မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကလည်း
ပိတ်ဆို့ အရေးယူမှုကို လက်တလုံးခြားလုပ်ပြီး လျော့ပါးအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက လှပတဲ့ သစ်ခွပန်းကို ဒမ်ဒရိုဗီယမ် သိန်းစိန်လို့ အမည်ပေး
ကင်ပွန်းတပ်ရလောက်အောင် အာဆီယံအဖွဲ့ မျက်နှာစာမှာ အောင်မြင်ခဲ့တဲ့အပြင်
စစ်အာဏာသိမ်း န၀တ၊ နအဖ အဖွဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အမေရိကန်မြေကို
ပထမဆုံး ခြေချနိုင်ခဲ့တဲ့ သူတဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရောက်
ကိုမိုးသီးဇွန်နဲ့ မြန်မာ့အရေး လှုပ်ရှားသူများရဲ့ ဖိနပ်နဲ့ပေါက်ခြင်းခံရတဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး
တဦး၊ သမ္မတလောင်း တဦးဖြစ်တော့မလို့ သီသီလေးဖြစ်ခဲ့ဖူးတယ်။ အဲဒီ တုန်း က နိုင်ငံခြားရေး
ဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်း (အခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်မယ့်သူ) ရဲ့ ကားကတော့ ဖိနပ်နဲ့
အပေါက်ခံ လိုက်ရပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကတော့ ဘယ်အပေါက်က လစ်သွားမှန်း မသိလို့
ကံကောင်းသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရပေမယ့်လည်း သဘောထားပျော့လွန်းတာကြောင့်
လုပ်ပိုင်ခွင့်တွေကို အတွင်းရေးမှူး (၁) တာဝန် ယူ ထားတဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးက
ဘောင်ကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာကြောင့် ၀န်ကြီးတွေအကြား
ဝန်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်ပြီလို့တောင် ပြောစမှတ်ဖြစ်ခဲ့တယ်။
အခုလည်း အစိုးရ အဖွဲ့သစ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုသမ္မတဆိုတော့
ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပေါ့။ အခုဆိုရင် လွှတ်တော်ထဲမှာ
သူနဲ့ ၀န်ကြီးတွေက တဘက်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် စစ်စဖြစ်နေကြပြီလို့တောင်
ပြောနေကြတယ်လို့ နီးစပ်သူတချို့က ဆိုကြတယ်။

ကိုယ်တိုင်တွေ့ဖူးကြုံဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ ဦးသိန်းစိန်က
လူချစ်လူခင်များတာလည်း ဟုတ်ပါတယ်၊ စကားပြော လည်း ကောင်းပါတယ်၊
အုပ်ချုပ်ရေးလည်း ကျွမ်းကျင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး အမြင်ကတော့ ရှိပုံမရဘူး၊
ဒီပုံနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို ထိန်းချုပ်မယ် မသိဘူးလို့ ရင်ဖွင့်ပါတယ်။

တိုင်းပြည်စီးပွားရေးသာ နားမလည်ရှိရမယ်၊ စီးပွားရေးသမားမွေးတဲ့ နေရာမှာတော့
လားစိုးမြင့်လို ရှမ်းတရုတ်နဲ့ သစ်မှောင်ခိုလုပ်ပြီး ကြီးပွားခဲ့တဲ့ စီဘီဘဏ် ဥက္ကဋ္ဌ ခင်မောင်အေး
တို့ကိုတော့ မွေးထားနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားရင်တော့ တေဇနဲ့ မက်စ်မြန်မာ
ဇော်ဇော်ကို အမြဲခေါ်လေ့ရှိတယ်လို့ သိရတယ်။

တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်၊ လာဘ်စားတယ်ဆိုတဲ့ စကားကို ဆီသည်မ လက်သုတ်ဝတ်လို 
ဖန်တရာတေအောင် ထပ်ခါတလဲလဲ အသုံးအနှုန်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့
အပေါင်းအပါ ထိပ်တန်း ဗိုလ်ချုပ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က
လာဘ်စားမှု အနည်းဆုံးလို့ ဆိုကြတယ်။ မွေးထားတဲ့ သမီးတွေကလည်း ဗိုလ်ချုပ်ကြီးဟောင်း
ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ သားတွေလို ချမ်းသာသည်ထက် ချမ်းသာအောင်
စီးပွားရေး သောင်းကျန်းသူတွေတော့ မဟုတ်ဘူးလို့ ပြောကြတယ်။

ဒါပေမယ့် သူလည်း တိုင်းမှူးဘ၀၊ ၀န်ကြီးချုပ်ဘ၀မှာတော့ လုပ်ပိုင်ခွင့် ခွင်ထဲကနေ
ပူဇော်ကန်တော့ ခံတာတွေတော့ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တြိဂံတိုင်းအတွင်းက
“၀” ခေါင်းဆောင်တချို့နဲ့ မိုင်းလားခေါင်းဆောင်တချို့အဆိုအရတော့ လာဘ်မစားတဲ့
တိုင်းမှူး၊ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူးတဲ့၊ ရှိတယ်ဆိုရင် သူတို့ကို ပြောပါဆိုပြီး ရဲရဲကြီး
အာမခံ ပြောနေတာတွေကိုလည်း ကြားနေရ တယ်။

သမ္မတလောင်းကြီးရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းရဲ့ လက်သုံးစကားကတော့
“အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေတာ”လို့ အမြဲပြောလေ့ရှိတယ်။
ဘယ်လောက်မှန်သလဲတော့ မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက တခြား ဗိုလ်ချုပ်
ကတော်တွေ အတွက်တော့ နားကလောစရာ ဖြစ်နေတာအမှန်ပဲ။ ဒါပေမယ့် သိတတ်လို့

လာပေးရင်၊ လာကန်တော့ရင်တော့ လက်ခံမှာပါ။

No comments: